ဒေါသကျွန် by တင်ညွန့်

ဒေါသကျွန်

----------
အလက်ဇန္ဒားသည် သူ့အင်ပါယာကို ဂရိ၊ အီဂျစ်မှသည် အိန္ဒိယ မြောက်ပိုင်းအထိ ချဲ့ထွင်နိုင်အောင် ကြိုးစားခဲ့သူ ဖြစ်သည်။ သူ့စစ်တပ်ကြီးသည် စစ်ပန်းနေပြီ။ အိန္ဒိယနိုင်ငံမှ လှည့်ပြန်ရန် အလက်ဇန္ဒားသည် ဆုံးဖြတ် လိုက်သည်။
အိန္ဒိယနိုင်ငံမှ မထွက်ခွာမီ သူသည် ပညာရှိသူများကို မြတ်နိုးသူဖြစ်သည့်အတိုင်း ပညာရှိများကို သူနှင့်အတူ ခေါ်သွားရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် နာမည်ကြီးနေသည့် သူတော်စင် ပညာရှိတစ်ပါးထံ သူရောက်လာ သည်။
 သူရောက်လာချိန်တွင် သူတော်စင်သည် သစ်ပင်တစ်ပင်အောက်တွင် တရားထိုင်နေသည်။ အလက်ဇန္ဒားက ထိုသူတော်စင် တရားထိုင်ပြီးချိန်အထိ သူ့တပ်နှင့်စောင့်နေသည်။ သူတော်စင်က မျက်စိနှစ်လုံးကို ဖွင့်လိုက်ချိန် တွင် အလက်ဇန္ဒားသည် သူ့ရှေ့ကိုလာပြီး
“အသင့်ကို ကျွန်ုပ်တို့ တိုင်းပြည်ကို ခေါ်သွားလိုပါသည်” ဟု ပြောလိုက်သည်။
“အသင် လိုက်ခဲ့ပေတော့”
သူတော်စင်က
“ဤဒေသတွင် ကျွန်ုပ်နေထိုင်ရသည်မှာ အဆင်ပြေလှ၏။ မည်သည့် အခြားနေရာကိုမျှ မသွားလို။ ဤနေရာတွင် ကျွန်ုပ်လိုချင်တာ မှန်သမျှ ရပေ၏။ အသင် ထွက်သွားလော့”
အလက်ဇန္ဒားသည် သူ့တောင်းဆိုချက်အား ငြင်းဆန်သူကို မကြိုက်။ ထို့ကြောင့်
“ကျွန်ုပ်မည်သူဖြစ်သည်ကို သင်သိပါ၏လော” ဟု မေးလိုက်သည်။
“ကျွန်ုပ်သည်ကား မဟာအလက်ဇန္ဒားမင်းဖြစ်တော့သည်။ ကျွန်ုပ်ပြောသမျှသည် အမိန့်ဖြစ်သည်။ သင့်တွင် ငြင်းဆိုပိုင်ခွင့်မရှိ။ လိုက်ခဲ့ပေတော့”
သူတော်စင်က မကြောက်မရွံ့ပြန်ပြောလိုက်သည်မှာ
“ကျွန်ုပ် ဘယ်ကို သွားမည်၊ ဘယ်ကိုမသွားဆိုသည်မှာ ကျွန်ုပ်၏  ဆုံးဖြတ်ပိုင်ခွင့်ဖြစ်သည်"
အလက်ဇန္ဒားသည် ထိုစကားကို ကြားလိုက်ရသည့် အခါတွင် ဒေါသထွက်ကာ သူ့ဓားကို ထုတ်ပြီး သူတော်စင်၏ လည်ပင်းတည့်တည့်ကို ထောက်ထားလျက်
“အသင် ဘာပြောလိုက်သနည်း။ သင့်မှာ ရွေးစရာ နှစ်လမ်းသာရှိသည်။ သင့်ကို အမိန့်ပေးနေသူမှာ မဟာ အလက်ဇန္ဒား ဖြစ်သည်။ သင် လိုက်မလား ... သေမလား”
သူတော်စင်က တည်ငြိမ်စွာဖြင့်
“သင့် သတ်ချင်လျှင် သတ်လော့ သို့သော် သင့်ကိုယ်သင် ကြီးမြတ်သောဆိုသည့် သဘောကိုဆောင်သော မဟာ ဆိုသည့် အသုံးကို မသုံးလင့်။ သင့်လိုလူနှင့် မဟာဆိုသည့်ဘွဲ့သည် မတန်။ ဧကန်ဆိုရလျှင် သင်သည် ကျွန်တစ်ယောက် အဆင့်မှာသာရှိသည်”
“သင်သည် အဘယ်ကြောင့် ကျွန်ုပ်လို ဧကရာဇ်ကို ကျွန်ဟုဆိုရသနည်း။ ကျွန်ုပ်သည် ကမ္ဘာကြီးကို အောင်နိုင်ခဲ့သူ ဖြစ်တော့သည်”
သူတော်စင်က တည်ငြိမ်စွာဖြင့် သူ့ကို ပြောလိုက်သည်မှာ
“သင်သည် ဒေါသထွက်နေသည်။ ဒေါသထွက်နေသူသည် ဒေါသ၏ကျေးကျွန်သာဖြစ်သည်။ သင်သည် ငါ့ကျေးကျွန်ဖြစ်သည်။ မဟာတစ်ယောက်မဟုတ်။ ဒေါသကို မထိန်းနိုင်သူသည် မဟာမဟုတ်။ ငါသည် ငါ့ဒေါသကို ထိန်းနိုင်သူဖြစ်သည်။ သင်သည် စစ်ပွဲတိုင်းကို အောင်နိုင်သူ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် သင်သည် သင့်ဒေါသကို ထိန်းနိုင်သူ မဟုတ်သေးသဖြင့် အလုံးစုံအောင်နိုင်သူမဟုတ်။ ထို့ကြောင့် မဟာမဟုတ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သူသည်သာ မဟာဘွဲ့ကို ခံထိုက်သူဖြစ်တော့သည်”
အလက်ဇန္ဒားသည် သူတော်စင်စကားကို သေချာစွာနားထောင်ပြီး ဦးညွတ်လိုက်ကာ နောက်ပြန်လှည့်သွား သည်။
(Ref: The Great Slave of Slave)
တင်ညွန့်
၂.၁.၂၀၂၄

Comments

Popular posts from this blog

အောင်မြင်မှုဆိုတာဘာလဲ

ChatGPTကိုအသုံးပြုပြီး ပိုက်ဆံဘယ်လိုရှာမလဲ

chatgpt နဲ့စမ်းကြည့်ရမယ့် comments promptsလေးများ