တရားတော်မှ မှတ်သားစရာများ
သန္ဒိဋ္ဌိပရာမာသ-အယူသည်းခြင်း
ဒီပုဒ်မှာ သန္ဒိဋ္ဌိဆိုတာက မိမိအယူပဲ။ပရာမာသဆိုတာ က မှားယွင်းစွာသုံးသပ်ခြင်းပဲ။သဒ္ဒါအနက်အားဖြင့် မိမိ အယူကိုမှားယွင်းစွာသုံးသပ်ခြင်းလို့အနက်ရှိပါတယ်။ ဒါပေမယ့်သူကတစ်ပုဒ်တည်းမဟုတ်ဘူး။အာဓာနဂ္ဂါဟ မြဲမြံစွာယူခြင်းဆိုတဲ့ပုဒ် ဒုပ္ပဋိနိဿဂ္ဂ စွန့်လွှတ်နိုင်ခဲခြင်း ဆိုတဲ့ပုဒ်များနှင့်တစ်ပေါင်းတည်းဟောထားတယ်။အဲဒီ သုံးပုဒ်လုံးဟာမိမိအယူမှားကို မစွန့်လွှတ်နိုင်ခြင်းဆိုတဲ့ အနက်ကိုပြတယ်။ဒါကြောင့် အယူသည်းခြင်းလို့ အတို ချုပ် ဝေါဟာရအနက် ပြန်ထားခြင်းဖြစ်ပါတယ်။"ဒီအယူ သည်းခြင်းဟာ မဂ္ဂန္တရာယ်ဒိဋ္ဌိ ဖြစ်တယ်။ဒါကြောင့် ဒီဒိဋ္ဌိ ကို အသီးအခြားဟောထားတယ်" လို့ အဋ္ဌကထာက မိန့်ဆိုထားပါတယ်။မြတ်စွာဘုရား ဟောတော်မူပုံ ကတော့
တစ်ပါးသောပုဂ္ဂိုလ်တို့သည် မိမိအယူကိုသာအမှန်ဟု ဖောက်ပြန်မှားယွင်းစွာသုံးသပ်ကုန်သည် မြဲမြံစွာယူလေ့ ရှိကုန်သည် စွန့်လွှတ်နိုင်ခဲကုန်သည် ဖြစ်ကုန်လတံ့။ ဤအရာ၌ ငါတို့သည် မိမိအယူကိုသာမှားယွင်းစွာ မသုံးသပ်ကုန်သည် မြဲမြံစွာယူလေ့မရှိကုန်သည် သင့်လျော်သောအကြောင်းကိုတွေ့ရလျှင်စွန့်လွှတ် လွယ်ကြကုန်သည်ဖြစ်ကုန်အံ့ဟူ၍ကိလေသာကိုခေါင်း ပါးစေသောအကျင့်ကို ပြုကျင့်အပ်၏။
သူများတွေက ကိုယ့်အယူကိုသာမှန်တဲ့အနေအားဖြင့် မှားယွင်းစွာသုံးသပ်ပြီး မစွန့်လွှတ်နိုင်ဘဲ မြဲမြံစွာယူနေ ကြလိမ့်မယ်။အယူသည်းနေကြလိမ့်မယ်လို့ဆိုလိုပါ တယ်။အဲဒီအယူသည်းပုံကို အဋ္ဌကထာမှာဖွင့်ပြထားပုံ ကတော့"မိမိမှာဖြစ်ပေါ်လာသောအယူကို ဤအယူသာ မှန်သည်ဟူ၍ မြဲမြံစွာယူထားကုန်လျက် ဘုရားအစရှိ သောအရှင်မြတ်တို့ကအကြောင်းပြ၍ ပြောဟောအပ်ပါ ကုန်သော်လည်း မစွန့်လွှတ်နိုင်ကုန် အယူသည်းကြ သည်ဟူသော ဤအမည်သည် ထိုသို့အယူမှားကို မစွန့်လွှတ်နိုင်သော သူတို့၏ အမည်ပေတည်း" တဲ့။အယူသည်းတဲ့ပုဂ္ဂိုလ်က သူယူမိတဲ့အယူကို မစွန့်လွှတ်နိုင်တော့ဘဲဇွတ်အတင်းဆုပ်ကိုင်ထားတယ်။ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင် အကြောင်းပြုပြီး ဟောပေမယ့် သူ့အယူကိုမစွန့်ဘဲ ယူမြဲယူနေတယ်။ "အာဓာနဂ္ဂါဟီ-မြဲမြံစွာယူတယ် ဒုပ္ပဋိနိဿဂ္ဂ-စွန့်လွှတ် နိုင်ခဲတယ်" ဆိုတာဟာ အဲဒီလို အယူသည်းတဲ့သူတွေ ရဲ့အမည်ဂုဏ်ပုဒ်ပဲတဲ့။အဲဒီလို အဋ္ဌကထာက ပြဆိုထားပါတယ်။
အဲဒီလို အယူသည်းတာဟာလောကရေးဘက်က စွဲမိ စွဲရာအယူသည်းတာလဲရှိတယ်။တရားဘက်ကစွဲမိစွဲရာ အယူသည်းတာလဲရှိတယ်။လောကရေးဘက်က အယူသည်းတာကသိပ်အရေးမကြီးပါဘူး။အရိယမဂ်၏ အန္တရာယ်မဖြစ်ပါဘူး။ဥပမာအားဖြင့်ဖော်ပြရလျှင် ကမ္ဘာမြေကြီးကဘယ်လိုတည်နေတယ်။နေ လ နက္ခတ် တွေကဘယ်လိုတည်နေတယ်စသည်ဖြင့် ရှေးကရေး သားထားတဲ့ ကျမ်းဂန်တွေအရ ယူဆစွဲလမ်းထားတာ တွေရှိတယ်။အဲဒါတွေထဲက တစ်ချို့အကြောင်းအရာ တွေဟာ ယခုခေတ်သိပ္ပံဆရာတွေရဲ့လက်တွေ့နဲ့ မကိုက်ညီဘဲဖြစ်နေတယ်။
ဟိမဝန္တာတောင်အကြောင်းမြစ်ကြီးငါးသွယ်အကြောင်း တွေဟာလဲယခုခေတ်သုတေသနပြုကြတဲ့ပုဂ္ဂိုလ်တွေရဲ့ မျက်မြင်နဲ့ကွဲလွဲနေတာရှိတယ်။အဲဒါမျိုးတွေနဲ့စပ်ပြီး အယူသည်းတာကတော့ မဂ္ဂန္တရာယ်နဲ့ မဆိုင်လို့ သိပ်အရေးမကြီးဘူးလို့ဆိုရမှာပဲ။ဘာကြောင့်လဲဆိုရင် အဲဒါတွေက ယူဆထားတဲ့အတိုင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သီလအကျင့်နှင့်လဲ မဆိုင်ဘူး။ သမာဓိ ပညာ အကျင့်နှင့်လည်း မဆိုင်ဘူး။ဒါကြောင့်ပါ ပဲ။
အရေးကြီးတာကတော့တရားဘက်ကကျင့်မှုနှင့်စပ်ပြီး အလွဲအမှားကိုအမှန်ထင်ပြီး မစွန့်လွှတ်နိုင်အောင် အယူသည်းနေရင် အဲဒါက အရိယမဂ်၏ အန္တရာယ်ဖြစ် တယ်။အဲဒါက အလွန်အရေးကြီးပါတယ်။ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိဆိုတဲ့အယူမျိုးဟာ မစွန့်လွှတ်နိုင်ဘဲစွဲမြဲပြီး အယူသည်းနေရင် အရိယမဂ်၏ အန္တရာယ်ဖြစ်တယ်။ အတ္တဒိဋ္ဌိ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ဆိုတဲ့ ဒီလိုအယူတွေ ဟာလဲမစွန့်လွှတ်နိုင်အောင်စွဲမြဲပြီးအယူသည်းနေရင် မဂ္ဂအန္တရာယ်ဖြစ်တယ်။ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိထဲမှာ ကံကံ၏အကျိုးမရှိ နောင်တမလွန်ဘဝမရှိ သေပြီးရင် ဘာမျှမရှိတော့ဘဲ ပြတ်စဲသွားတယ်ဆိုတဲ့အယူလဲပါ တယ်။အဲဒီအယူစွဲမြဲနေရင် အကုသိုလ်ကိုလည်း မရှောင်ပေဘူး။ကုသိုလ်ကိုလဲ အဆင်းရဲခံ အကုန်ကျခံ ပြီးမပြုပေဘူး။နိဗ္ဗာန်မဂ်ဖိုလ်ရောက်စေနိုင်တဲ့အကျင့်ဆို တာကိုလဲ သူကမယုံလို့မကျင့်ပေဘူး။မကျင့်ရင် မဂ်ဖိုလ် ကိုမရောက်နိုင်ဘူး။မဂ္ဂန္တရာယ် ဖြစ်တော့တာပဲ။
နောက်ပြီးတော့ တရားထူးကိုရတဲ့ ဘုရား ရဟန္တာ မရှိ ဘူးဆိုတဲ့အယူလဲ အဲဒီမှာပါတယ်။ဘုရား ရဟန္တာ ရှိတယ်ဆိုတာကိုတောင်မယုံရင် ဘယ်မှာတရားအား ထုတ်တော့မှာလဲ အားမထုတ်ရင် မဂ်ဖိုလ်ကိုမရနိုင်ဘူး။ မဂ္ဂန္တရာယ်ဖြစ်တော့တာဘဲ။အတ္တဒိဋ္ဌိ သဿတဒိဋ္ဌိ အယူသည်းတဲ့သူက"အတ္တကောင်ကလေးဟာ အစဉ်ထာဝရတည်ရှိနေတယ်။ခန္ဓာကိုယ်ကြမ်းကြီးက ပျက်လို့သေသွားတယ်ဆိုရသော်လဲ အတ္တကောင်က တော့ မပျက်ဘူး။အခြားခန္ဓာအိမ်အသစ်မှာ ရွှေ့ပြောင်း ပြီးတည်မြဲပင်တည်ရှိနေတယ်။ဘယ်တော့မှမပျက်နိုင် ဘူး" လို့မြဲမြံစွာယူဆထားတယ်။ဒါကြောင့်"ကိလေသာ နှင့် ကံကြောင့်ဘဝသစ်ရုပ်နာမ်မျှသာ ဖြစ်နေတယ်။ ကိလေသာနှင့်ကံချုပ်လျှင် ဘဝသစ်ရုပ်နာမ်ချုပ်တယ်။ ဘဝသစ်ရုပ်နာမ်ချုပ်လျှင် ဆင်းရဲခပ်သိမ်းငြိမ်းတယ်" ဆိုတာကို အဲဒီသဿတအယူသည်းတဲ့သူက မယုံဘူး။
မယုံတဲ့အတွက် ဆင်းရဲငြိမ်းကြောင်းဖြစ်တဲ့ မဂ္ဂင်အကျင့် ကို မကျင့်ဘူး။မကျင့်တော့ မဂ်ဖိုလ်ကိုမရောက်ဘူး။ မဂ္ဂန္တရာယ်ဖြစ်တော့တာဘဲ။ဒါပေမယ့် ဒီသဿတအယူ က "အကုသိုလ်ကံကြောင့် နောင်ဘဝမှာ မကောင်းကျိုး ကိုခံစားရတယ်။ကုသိုလ်ကံကြောင့် နောင်ဘဝမှာ ကောင်းကျိုးကိုခံစားရတယ်" ဆိုတဲ့အယူကိုတော့ မပယ်ဘူး။ဒါကြောင့် ကုသိုလ်ကံပြုပြီး နတ်ပြည်ကို တော့ရောက်နိုင်ခွင့်ရှိတယ်။သဂ္ဂန္တရာယ်တော့မဖြစ်ဘူး။ ဥစ္ဆေဒဒိဋ္ဌိကတော့ ကုသိုလ်ကံကိုလဲပယ်တဲ့အတွက် နတ်ပြည်ကိုတောင်မရောက်နိုင်ဘူး။သဂ္ဂန္တရာယ် မဂ္ဂန္တရာယ် ၂ ပါးလုံးဖြစ်တယ်။
နောက်ပြီးတော့အလေ့အကျင့်တစ်စုံတစ်ခုကိုပြုရုံမျှဖြင့် သံသရာဆင်းရဲမှလွတ်မြောက်တယ်လို့ယူဆတဲ့ သီလဗ္ဗတပရာမာသ ဆိုတာကလဲမြဲမြံစွာယူစွဲထားရင် မဂ္ဂန္တရာယ်ဖြစ်တယ်။ဒီသီလဗ္ဗတအကြောင်းကို ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး ဒုတိယတွဲ စာမျက်နှာ ၁၀၅ စသည်မှာ အကျယ်ပြထားပါတယ်။ယခုဒီမှာတော့ အကျဉ်းချုပ်ပြောရမှာပဲ။နွားလိုသွား နွားလိုစား နွားလိုအိပ်တဲ့အကျင့် ခွေးလိုသွား ခွေးလိုစား ခွေးလိုအိပ်တဲ့အကျင့် အဲဒီလို တိရစ္ဆာန်တို့၏အကျင့်ကို အတုလိုက်ပြီးကျင့်ရုံမျှဖြင့် သံသရာဆင်းရဲမှလွတ် မြောက်တယ်လို့ယူဆတာလဲ သီလဗ္ဗတပရာမာသဘဲ။ နွား ခွေးစသည်ကို ကိုးကွယ်ပူဇော်ခြင်းဖြင့် သံသရာဆင်းရဲမှလွတ်မြောက်တယ်လို့ယူဆတာလဲ သီလဗ္ဗတပရာမာသဘဲ။အဲဒီ ကိုးကွယ်ရာမှာတော့ နေ လ တောတောင် မြစ် ပင်လယ် နတ်ဗြဟ္မာစသည်ကို ကိုးကွယ်ပူဇော်တာလဲပါဝင်တယ်။
အတိုချုပ်အားဖြင့်ဆိုလျှင် သစ္စာ ၄ ပါးကို မြင်အောင် ကျင့်ရတာလဲမဟုတ်ပါဘဲ မဂ္ဂင်ရှစ်ပါးကို ပွားစေတာလဲ မဟုတ်ပါဘဲ နွား ခွေးစသည်ကိုအတုလိုက်ပြီးပြုတဲ့ အလေ့အကျင့်ဖြစ်ဖြစ် ကိုးကွယ်ပူဇော်တဲ့အလေ့အကျင့် ပဲဖြစ်ဖြစ် အဲဒီလိုအလေ့အကျင့်ဟူသမျှကို သီလဗ္ဗတ ခေါ်တယ်။အဲဒီလိုအကျင့်ကို သံသရာဆင်းရဲမှ လွတ်မြောက်ကြောင်းအကျင့်ကောင်းအနေဖြင့် ယုံကြည်ယူဆတာကို သီလဗ္ဗတပရာမာသခေါ်တယ်။ ဒါကြောင့် "သစ္စာမမြင် မဂ္ဂင်မပါ လေ့ကျင့်တာကို ချမ်းသာကြောင်းထင် ယူစွဲလျှင် ခေါ်တွင် သီလဗ္ဗတတည်း" လို့ အတိုချုပ်မှတ်ထားကြရမယ်။အဲဒါ ကိုဆိုကြရမယ်။
သစ္စာမမြင် မဂ္ဂင်မပါ လေ့ကျင့်တာကို ချမ်းသာကြောင်း ထင် ယူစွဲလျှင် ခေါ်တွင် သီလဗ္ဗတတည်း။
ဗုဒ္ဓသာသနာတော်မှ အပြင်ဘက်မှာ ဆင်းရဲမှလွတ် မြောက်ပြီးအမြဲတမ်းချမ်းသာဖို့ရည်ရွယ်ပြီးလေ့ကျင့်နေ ကြတာတွေဟာအများအားဖြင့် သီလဗ္ဗတပရာမာသ ချည်းပါပဲ။တစ်ချို့က ဂင်္ဂါမြစ်ရေချိုးရုံနဲ့အပြစ်ကင်းတယ် စင်ကြယ်တယ်လို့ ယူဆကြတယ်။တစ်ချို့ကကောင်း ကင်ဘုံမှာရှိတဲ့ နတ် သိကြား ဗြဟ္မာ ဘုရားသခင်ကို အရိုအသေပြုရုံ ကိုးကွယ်ရုံနဲ့ သေတဲ့အခါ ကောင်းကင် ဘုံရောက်ပြီး အမြဲတမ်းချမ်းသာတယ်လို့ယူဆကြတယ် တစ်ချို့က နွား ဆိတ် ကြက်စသည်ကိုသတ်ပြီး ပူဇော်ပသရုံနဲ့ အပြစ်ကင်းပြီး ချမ်းသာကိုရမယ်လို့ ယူဆကြတယ်။အဲဒီလိုအကျင့်တွေဟာ သစ္စာ ၄ ပါးကို မြင်အောင်ကျင့်ရတာလဲမဟုတ်ဘူး။မဂ္ဂင်ရှစ်ပါးဆိုတဲ့ သီလ သမာဓိ ပညာကိုပွားစေရတာလဲမဟုတ်ဘူး။ ဒါကြောင့် အဲဒီလိုအလေ့အကျင့်မျိုးဖြင့် သံသရာဆင်း ရဲမှလွတ်မြောက်ပြီးအမြဲတမ်းချမ်းသာသွားမယ်လို့ယူဆ တာဟာ သီလဗ္ဗတပရာမာသဘဲ။အဲဒီလိုအယူကိုမြဲမြံ စွာယူနေရင်လဲ သီလ သမာဓိ ပညာအကျင့်တွေကို မကျင့်တော့ဘူး။မကျင့်တော့မဂ်ဖိုလ်ကိုမရောက်နိုင်ဘူး မဂ္ဂန္တရာယ်ဖြစ်သွားတော့တာဘဲ။
ဘာသာရေးအယူတွေဟာ မိမိဘာသာတရားအရတော့ မှန်တယ်လို့ချည်းယူဆထားကြပါတယ်။တခြားဘာသာ တရားကနေကြည့်ရင်တော့လဲ အမှားချည်းဖြစ်နေတတ် ပါတယ်။ဒါပေမယ့်အယူအစွဲမသန်ဘဲမှန်ရာကိုလိုက်နိုင် လောက်တဲ့ပုဂ္ဂိုလ်မျိုးကိုတော့အယူသည်းတယ်လို့မဆို သင့်ပေဘူး။ဒါကြောင့်ယခုကာလမှာပဲ မိရိုးဖလာ ဘာသာခြားဖြစ်ဖြစ်နေတဲ့ပုဂ္ဂိုလ်တစ်ချို့ဟာဗုဒ္ဓဟော ထားတဲ့တရားစာတွေကိုလေ့လာကြတယ်။အဲဒီလို လေ့လာရင်းဗုဒ္ဓဘာသာသို့ သက်ဝင်လာကြတယ်။ တစ်ချို့ဆိုရင်မိုင်ထောင်ပေါင်းများစွာဝေးကွာတဲ့ ဥရောပတိုက် အမေရိကတိုက်များမှ ဗမာပြည်သို့ လာရောက်ပြီး ဝိပဿနာတရားကိုအားထုတ်ကြတယ်။ အားထုတ်တော့လည်း ဝိပဿနာဉာဏ်ဖြစ်ပုံကို သူတို့၏ကိုယ်တွေ့ဖြင့်ပြောနိုင်ကြတယ်။ဒါကြောင့် အဲဒီလိုပုဂ္ဂိုလ်တွေကတော့ အသန္ဒိဋ္ဌိပရာမာသီ အယူမသည်းတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ဆိုရပါတယ်။ အဲဒီလိုအယူမသည်းဖို့ အရေးကြီးပါတယ်။
လောကဘက်ကအယူသည်းနေလို့ရှိရင်လဲလောက ဘက်ကအကျိုးတွေဆုံးရှုံးတာပဲ။အကျိုးမပြီးအချည်းနှီး ဖြစ်သွားတာပဲ။အောက်ထစ်ဆုံးအားဖြင့်သူများတွေက ကိုယ်တွေ့ဖြစ်နေတဲ့ဟာတွေကိုအယူသည်းပြီးငြင်းနေ ရင်"ဒီလူဟာ အလွန်အယူသည်းတဲ့လူပဲ" လို့ အကဲ့ရဲ့ တော့ခံရမှာပဲ။ဒါပေမယ့်လောကဘက်ကအယူသည်း တာကတော့ သဂ္ဂန္တရာယ် မဂ္ဂန္တရာယ် မဖြစ်ပါဘူး။
တရားဘက်ကအယူမှားပြီးအယူသည်းတာကတော့ အကျင့်နှင့်စပ်တဲ့အရာမှာဆိုရင် မဂ္ဂန္တရာယ် ဖြစ်တာလဲ ရှိတယ်။သဂ္ဂန္တရာယ် မဂ္ဂန္တရာယ် ၂ ပါးလုံးဖြစ်တာလဲ ရှိတယ်။စာပေကျမ်းဂန် ဗဟုသုတနဲ့ပြည့်စုံတဲ့ ပညာရှိ သူတော်ကောင်းပုဂ္ဂိုလ်က အကြောင်းယုတ္တိနဲ့ စာပေ ကျမ်းဂန်နဲ့ပြောပြရင်စဉ်းစားဆင်ခြင်ပြီးမသင့်တော်တဲ့ အယူကိုစွန့်ရတယ်။ကိုယ့်အယူကမှတ်သားစွဲလမ်းထား တာကြာလှပြီ ယခုမှတော့ မစွန့်နိုင်ဘူလို့ ဒီလိုဇွတ်မှိတ် ပြီးယူမထားရဘူး။အကျင့်လမ်းမှားကို အဲဒီလို ဇွတ်မှိတ်ပြီးယူနေရင် သဂ္ဂန္တရာယ် မဂ္ဂန္တရာယ် ဖြစ်သွား တတ်တယ်။ဒါကြောင့် "သူများတွေကမှားယွင်းစွာ သုံးသပ်ပြီး အယူသည်းကြမည့်နေရာမှာ ငါတို့ကတော့ အယူမသည်းဘဲရှိစေမည်" လို့ အဓိဋ္ဌာန်ပြုကြရမယ်။
သူများတွေကမှားယွင်းစွာသုံးသပ်ပြီး အယူသည်းကြ မည့်နေရာမှာ ငါတို့ကတော့ အယူမသည်းဘဲ ရှိစေမည်။
မဟာစည်ဆရာတော်ဘုရားကြီး
သလ္လေခသုတ်တရားတော်ကြီး(ဒုတိယတွဲ)
Comments
Post a Comment